ဒုတိယကမ္ဘာစစ်ကြီး၏ ဒါဏ်ကို မခံစားရသော နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ ဒါဏ်ကို မခံစားရယုံမျှမက ကြီးမားသော အကျိုးကျေးဇူးများပင် ရခဲ့သည်။ စစ်ကြီးဖြစ်နေသော ကာလအတွင်း ဆိုဗီယက်အပါအဝင် ၎င်း၏ မဟာမိတ်နိုင်ငံများသို့ စစ်လက်နက် ပစ္စည်းများ၊ အစားအသောက်များ တင်ပို့ရောင်းချခဲ့ရပြီး များစွာကြွယ်ဝချမ်းသာသွးခဲ့သည်။ စစ်ကြီးပြီးဆုံး သွားသောအခါ ချွတ်ခြုံကျသွားသော အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့အင်အားအကြီးဆုံး Super Power ကို အမေရိကန်နိုင်ငံအား အလိုအလျောက် လွှဲပြောင်းပေးလိုက်ရပေတော့သည်။

 Bretton Woods System ပေါ်ပေါက်လာခြင်း

                    ၁၉၄၄ ခုနှစ် သြဂုတ်လတွင် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံ အပါအဝင်နိုင်ငံပေါင်း ၄၂ နိုင်ငံ သည် အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားပြည်နယ်ရှိ အပမ်းဖြေမြို့ကလေးဖြစ်သော ဘရက်တန်ဝုဒ်တွင် တွေ့ဆုံခဲ့ကြသည်။ “ ညီညွတ်ပြီး ချစ်ကြည်ပေါင်းသင်းသော နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေး ဘဏ္ဍာရေး ညီလာခံ ” ဟု တရားဝင်ခေါ်ဆိုသည်။ အဆိုပါ အစည်းအဝေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟယ်ရီဝှိုက်နှင့် ဗြိတိန်အဖွဲ့ခေါင်းဆောင် (ကမ္ဘာကျော်စီးပွားရေးပညာရှင်) ဂျွန်မေးနာ့ဒ်ကိန်း တို့က ဦးဆောင် ကျင်းပကြသည်။

                 အဆိုပါ အစည်းအဝေးကြီး၏ ရည်ရွယ်ချက်များထဲတွင် ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ငွေ ကြေးအရ ဆက်ဆံရေးဆိုင်ရာများကို စီမံအုပ်ချုပ်မည့် စည်းစနစ်ကျသော အဖွဲ့အစည်းများတည်ထောင်ရန် လည်း ပါဝင်သည်။ ထို့ကြောင့် အစည်းအဝေးကြီးပြီးသောအခါ ကမ္ဘာ့ဘဏ်ဟု သိကြသည့် ပြန်လည်တည် ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာဘဏ်(အိုင်ဘီအာဒီ)၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အဖ်)နှင့် နောင်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟု ဖြစ်လာမည့် စည်းကြပ်ခွန်နှင့်ကုန်သွယ်မှုဆိုင်ရာ အထွေထွေ သဘောတူညီချက် (GATT) တို့ အသီးသီးပေါ်ထွန်းလာကြသည်။

                 ဤအစည်းအဝေးကြီး၏ ရလာဒ်အဖြစ် ကမ္ဘာပေါ်ရှိ ငွေကြေးအားလုံးကို အမေရိကန်ဒေါ်လာအားဖြင့် ပုံသေတန်ဖိုးသတ်မှတ်လိုက်သည်။ အမေရိကန်ဒေါ်လာကိုမူ (၎င်းတို့ပိုင်သော) ရွှေဖြင့် တန်ဖိုးသတ်မှတ်သည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်သည် တကမ္ဘာလုံးရှိ အရန်ရွှေစုစုပေါင်း ၇၅ ရာခိုင်နှုန်း(ခန့်မှန်းခြေ ဒေါ်လာ ၂၅ ဘီလျံ)ကို ပိုင်ဆိုင်ထားသည်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာပုံသေ သတ်မှတ်ထားသည်။ အမေရိကန်ဒေါ်လာနှင့် ရွှေကို (လွတ်လပ်စွာ) လဲလှယ်နိုင်ရန် အမေရိကန်က ကတိပြုသည်။

                 စစ်ဘေးစစ်ဒါဏ်သင့်ခဲ့သော နိုင်ငံများအနေဖြင့် ပြည်လည်ထူထောင်ရာတွင် ဘရက်တန်ဝုဒ်စနစ် သည် များစွာအောင်မြင်ခဲ့သည်။ ကမ္ဘာငွေကြေးစနစ်သည်လည်း တည်ငြိမ်ခဲ့သည်။ သို့သော် နှစ် ၃ဝ ပင်မကြာခဲ့ပဲ ဘရက်တန်ဝုဒ်စနစ် ပျက်သုန်းသွားခဲ့သည်။ ပျက်သုဉ်းသွားရခြင်း အဓိကအကြောင်းအချက်ကြီး (၂)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ပထမအကြောင်းအချက်_

                ၁၈၈၇ ခုနှစ်တွင် ပြင်သစ်က ဗိယက်နမ်နိုင်ငံကို ၎င်းတို့၏ ကိုလိုနီနယ်မြေအဖြစ် သတ်မှတ်သွတ်သွင်း လိုက်သည်။ ၁၈၉၃ ခုနှစ်တွင် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကိုပါ ကိုလိုနီနယ်မြေအတွင်း ထပ်မံသွတ်သွင်း လိုက်ပြန်သည်။ ၎င်းဒေသကို French Indochina ဒေသဟု ခေါင်တွင်ခဲ့သည်။

                 ၁၉၅၄ ခုနှစ်တွင် နာမည်ကျော် ဒိန်ဗင်ဖူးတိုက်ပွဲကြီးအတွင်း၌ ပြင်သစ်တပ်များသည် ကွန်မြူနစ် ဗီယက်ကောင်းတပ်များကို ရှုံးနိမ့်သွားပြီးနောက် ပြင်သစ်တပ်များ ဗီယက်နမ်မြေပေါ်မှ အပြီးတိုင် ထွက်ခွာသွား ရတော့သည်။ ထိုအချိန်က ကမ္ဘာပေါ်တွင် အရင်းရှင်ဝါဒနှင့် ကွန်မြူနစ်ဝါဒတို့ အားပြိုင်နေကြသော Cold War ကြီး အရှိန်မြင့်နေသည့်ကာလဖြစ်ပေရာ ပြင်သစ်တို့နေရာတွင် အမေရိကန်တို့ပါဝင်လာပြီးနောက် အမေရိကန် ဗီယက်နမ် စစ်ပွဲကြီးလည်း မီးကုန်ယမ်းကုန် ဆင်နွှဲခဲ့ကြပေသည်။

                 ၁၉၆၅ ခုနှစ်သို့ ရောက်ရှိသောအခါ စစ်ပွဲများ လွန်စွာအရှိန်မြင့်လာပြီး စစ်ပွဲအသုံးစရိတ်မှာ ဒေါ်လာဘီလျံ ၅ဝဝ အထိ ရောက်လာသည်။ ငွေကြေး၏တန်ဖိုးကို ရွှေဖြင့် ကျောထောက်နောက်ခံ ပေးထားရ ခြင်းဖြစ်ရာ လိုအပ်နေသော စစ်အသုံးစရိတ်အတွက် ငွေစက္ကူတို့ကို ထပ်မံပုံနှိပ်ခြင်းလည်း မပြုနိုင်၊ အစိုးရက အခွန်တိုးမြှင့်ကောက်ခံရန်လည်း ငြင်းဆိုနေသဖြင့် ကြီးစွာသော အကြပ်အတည်းကြီး ပေါ်ပေါက်နေခဲ့သည်။

ဒုတိယအကြောင်းအချက်_

                ဒုတိယ ကမ္ဘာစစ်ကြီးပြီးသောအခါ ဂျပန်နိုင်ငံအပါအဝင် ထွန်းသစ်စနိုင်ငံများက ကုန်ပစ္စည်းများ အားကြိုးမာန်တက် ထုတ်လုပ်ကြပြီးနောက် အမေရိကန်နိုင်ငံသို့ တင်ပို့ကြသည်။ အမေရိကန်နိုင်ငံ၏ ဝယ်လိုအားကလည်း ကြီးမားနေခဲ့သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံမှ ဒေါ်လာငွေများလည်း ပြင်ပနိုင်ငံများသို့ စီးထွက်ကုန် သည်။ အမေရိကန်သည် ကုန်သွယ်ရေးလိုငွေပြလာခဲ့သည်။ ပြင်ပနိုင်ငံများမှ ဗဟိုဘဏ်တို့က အမေရိကန်နိုင်ငံ မှ ရွှေကို ဒေါ်လာဖြင့် ပြန်လည်လဲလှယ်လာသည်။ (နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်တစ်ခုသည် ၎င်းနိုင်ငံအတွင်း သုံးစွဲငွေအပြင် နိုင်ငံခြားသုံးငွေအမျိုးမျိုးတို့ကိုလည်းကောင်း၊ အမေရိကန်ငွေတိုက် စာချုပ်များကိုလည်းကောင်း ရွှေကဲ့သို့ အဖိုးတန်သတ္ထုများကိုလည်းကောင်း အဆင်ပြေသည့်အချိုးတစ်ခုဖြင့် ထား၍ သိုမှီးထားတတ်ကြသည်။)

                အမေရိကန်တို့၏ နိုင်ငံပိုင်ရွှေများကို နော့ဖို့ဒ်ခံတပ်ထဲတွင် သိမ်းဆည်းထားသည်။ ပြည်ပနိုင်ငံများမှ ဝယ်ယူသောရွှေများကို ထိုခံတပ်ထဲမှ ထုတ်ပေးရခြင်းဖြစ်သည်။

                 နောက်ပိုင်းတွင် အမေရိကန်၊ အင်္ဂလန်၊ အနောက်ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် တို့ပါဝင်ပြီး ရွှေရောင်းချမှု စုပေါင်းအသင်းကို တည်ထောင်ကြသည်။ ရွှေဈေး ၁အောင်စ ၃၅ ဒေါ်လာတွင် ဈေးတန်းတည်ငြိမ်နေအောင် ထိန်းထားနိုင်ဖို့ဖြစ်သည်။ ၎င်းကို London Gold Pool ဟု လူသိများသည်။ အဖွဲ့ဝင်ဘဏ်များက London Gold Pool ကို ရွှေအချိုးကျကိုယ်တာတစ်ခု ထည့်ဝင်ရသည်။ အမေရိကန် ဗဟိုဘဏ်နှင့်လည်း ချိတ်ဆက်ထားသည်။

                နောက်ပိုင်းတွင် ရွှေဝယ်အားမှာ တစ်နေ့ထက်တစ်နေ့ ပို၍ မြင့်တက်လာသည်။ နေ့စဉ် ရွှေတန်ချိန် ရာနှင့်ချီ၍ ရောင်းပေးနေရသည်။ တောင့်မခံနိုင်တော့သည့်အဆုံး ၁၉၆၈ ခုနှစ် မတ်လတွင် London Gold Pool ပြိုလဲ သွားတော့သည်။

Bretton Woods System ပျက်သုန်းခြင်း

                ၁၉၄၅ ခုနှစ်က အမေရိကန်တို့၏ ရွှေသိုလှောင်မှုပမာဏမှာ (ခန့်မှန်းခြေဒေါ်လာ ၂၅ ဘီလျံ) ရှိခဲ့သော် လည်း ၁၉၇ဝ ခုနှစ်သို့ ရောက်သောအခါ ၁ဝ ဘီလျံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ ဘရက်တန်ဝုဒ်သည် ကမ္ဘာ့ ရွှေဝယ်လိုအား မြင့်တက်နေမှုကို ဖြည့်ဆည်းပေးရန် လုံလောက်သည့် ရွှေပမာဏကို ထပ်ဖြည့်မပေးနိုင်တော့ ပေ။ ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် သမ္မတနစ်ဆင်သည် ရွှေနှင့်ဒေါ်လာ ဖလှယ်နိုင်သော ပြောင်းလဲမှု ကို အဆုံးသတ်လိုက်သည်။ ရွှေနှင့်ဒေါ်လာကို ဈေးနှုန်းပုံသေချိတ်ဆက်ထားခြင်းအားဖြင့် ၎င်းတို့၏ အရန်ရွှေ များ လျော့နည်းလာမှုကို ကာကွယ်ရန် အဆိုပါ Bretton Woods System ကို ရုပ်သိမ်းလိုက်ရသည်။ ဤသို့ဖြင့် နှစ်ပေါင်း သုံးဆယ်နီးပါး ကမ္ဘာတွင် ကျင့်သုံးခဲ့သော Bretton Woods System သည်လည်း နိဂုံးချုပ်သွားခဲ့ပေတော့သည်။

 Currency Market ပေါ်ပေါက်လာခြင်း

                Bretton Woods System စနစ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေးတို့သည် အမေရိကန်ဒေါ်လာနှင့် နှုန်းတစ်ခု အသေသတ်မှတ်ထားကြောင်း တင်ပြခဲ့ပြီးဖြစ်သည်။ ယခု ဘရက်တန်ဝုဒ်စနစ် ပျက်သုဉ်းသွားသော အခါ ကမ္ဘာ့ငွေကြေးအသီးသီးတို့သည် နှုန်းရှင်လဲလှယ်နှုန်းဖြင့် လဲလှယ်လာကြသည်။ အရောင်းအဝယ်ပြုလာ ကြသည်။ အစောပိုင်းကာလများတွင် ငွေကြေးရောင်းဝယ်မှုများသည် များစွာမတွင်ကျယ်လှခဲ့ပါ။ ယခု FX Trader များ အသုံးပြုနေကြသည့် ငွေကြေး တက်ကျ လှုပ်ရှားမှုပြ Chart များကိုပင်လျှင် လူတိုင်းသုံးစွဲခွင့် မရကြပါ။အဆိုပါ Char များကို ငွေကြေးအရောင်းအဝယ် ပြုလုပ်ကြသည့် ဘဏ်ကြီးများသာ သုံးစွဲနိုင်ကြသည်။ ၂ဝ ရာစုကုန်ကာနီး နှစ်များကျမှသာ တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်သည်။ ကမ္ဘာ့ငွေကြေးအရပ်ရပ်တို့၏ တစ်နေ့တာ အရောင်းအဝယ် Volume မှာ၂ဝ၁၂ ခုနှစ်လောက်က အမေရိကန်ဒေါ်လာ ၂ ထရီလီယံမှ ၃ ထရီလီယံအကြား ရှိခဲ့သည်။ ယနေ့အချိန်အခါတွင် တစ်နေ့တာ အရောင်းအဝယ် Volume မှာ ၅.၂ ထရီလီယံ အထိ တိုးတက်များပြားလာခဲ့ပြီး ကမ္ဘာ့အကြီးဆုံးဈေးကွက်ကြီးပင်ဖြစ်သည်။ ဆက်လက်၍လည်း တိုးတက်လာ နေဦးမှာလည်းဖြစ်သည်ဟု ပညာရှင်တို့က သုံးသပ်ထားကြပါသည်။

မေတ္တာဖြင့်…

                     ဦးခိုင်ဇင်ဝင်း

                     ၁၇.၅.၂ဝ၂ဝ ရက်နေ့ ( တနင်္ဂနွေနေ့ ) 


#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency