နိဒါန်း                                                                                                                                           ရေးသားသူ - ဦးခိုင်ဇင်ဝင်း

        လွန်ခဲ့သော ငါးနှစ်ခန့်ကဖြစ်သည်။ တနည်းအားဖြင့် ဉီးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ငါးလ၊ ခြောက်လခန့် အလိုလောက်ကဖြစ်မည်။ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများတွင် ဉီးသိန်းစိန်အစိုးရ လုပ်ဆောင်သမျှဝေဖန်နေသော စာရေးဆရာ တစ်ယောက်ရေးသားထားသည့် ဆောင်းပါးတစ်ပုဒ်ကို (အမည်မမှတ်မိသူတစ်ယောက်က) FB မိတ်ဆွေတစ်ဦးက Share ယူလာသဖြင့် ဖတ်ရပါသည်။ ကျွန်တော့် အတွက်တော့ အဆိုပါဆောင်းပါးမှာ အဆီအငေါ်မတည့်လှသော ဆောင်းပါးတစ်ပုဒ်သာ ဖြစ်နေပါသည်။ သို့ရာတွင် အဆိုပါဆောင်းပါးအပေါ် ပုသိမ်မြို့က ညီမလေး တစ်ယောက်သဖွယ် ချစ်ခင်ရသော (ကျွန်တော်နှင့်ကျောင်းတွင် မေဂျာတူ အတန်းငယ်) တစ်ယောက်က ‘ဟုတ်တာပဲနော်’ ဟူ၍ ကွန်မန့် ရေးသည်ကို တွေ့ရပါသည်။ ထိုအပေါ် ‘အဲ့ဒါမမှန်ပါ’ ဟူ၍ ကျွန်တော်က ရေးသားလိုက်သောအခါ ညီမလေးက ‘ဟုတ်ကဲ့’ဟုပြန်ရေးပါသည်။ ကျွန်တော်လည်း ဘာကြောင့်မမှန်ကြောင်းကို နောက်ပိုင်း သူနှင့် လူချင်း အကြိမ်ကြိမ် တွေ့ကြသည့်တိုင်အောင် မရှင်းပြဖြစ်ခဲ့ပါ။ တွေ့ကြသည့်အခါ ဤအကြောင်းအရာကိုမေ့နေသည်။ ဤအကြောင်းအရာကို သတိရသည့်အခါ လူချင်းက အဝေးမှာရောက်နေကြသည်။

        ဤအကြောင်းအရာကို FB ပေါ်တွင်ရေးရလျှင် အများသူငါလည်း ဗဟုသုတ ရနိုင်မှန်း ကျွန်တော်သိသည်။ သို့ရာတွင် ကျွန်တော်ရေးဖို့ လက်တွန့်နေသည်။ ပထမ အကြောင်းအချက်မှာ အချက်အလက်များ ပိုမိုခိုင်မာစေဖို့ ကျွန်တော် ဟိုးအရင်ကဖတ်ဖူးထားသည်များကို ပြန်ရှာ ပြန်ဖတ်ရအုန်းမည့် ကိစ္စကတစ်ခု၊ ဒုတိယ အကြောင်းအချက်မှာ FB ပေါ်တွင် သူတပါးရေးသားထားသည်များကို မှားယွင်းနေသည်ဟု မရေးချင်သည့် ကိစ္စက တစ်ခု တို့ကြောင့်ဖြစ်သည်။

        ဆရာဝန်တစ်ယောက် ကုချက်မှားလျှင် လူနာတစ်ယောက်သာသေစေနိုင်သည်။ အင်ဂျင်နီယာ တစ်ယောက် မှားယွင်းပေါ့ဆမှုသည် လူအများကြီးကို သေစေနိုင်သည်။ ကလောင်ထက်သော စာရေးဆရာ တစ်ယောက်၏ မှားယွင်းသောစာတစ်ဆုပ်သည် လူမျိုးတစ်မျိုးလုံး၏ ဦးနှောက်ကို အဆိပ်သင့်စေနိုင်သည် မဟုတ်ပါလား။

        ထို့ကြောင့်လွန်ခဲ့သော ဆယ့်လေးငါးရက်ခန့်က အဆိုပါ ညီမလေးနှင့် FB ပေါ်တွင်တွေ့ရခိုက် အဆိုပါအကြောင်းအရာကို ရေးပါမည် ဟုပြောလိုက်ပါသည်။ ရေးဖြစ်အောင်ကတိပေးလိုက်ခြင်းဖြစ်ပါသည်။ တင်နေသော အကြွေးတစ်ခု ဆပ်သည်ဟုလည်း ကျွန်တော့်ကို ကျွန်တော်သဘောထားပါသည်။


ထိုဆောင်းပါးပါ အကြောင်းအရာ အနှစ်ချုပ်

        ထိုစဉ်အချိန်က ဉီးသိန်းစိန် အစိုးရသည် ‘ဘက်စုံထူးချွန်သော ပညာရေးစနစ်’ကို ကျင့်သုံးနေချိန်ဖြစ်သည်။ ထိုဆောင်းပါးက ဘက်စုံထူးချွန်သော ပညာရေးစနစ်ကို ဝေဖန်ခြင်းဖြစ်သည်။ အဆိုပါ စာရေးဆရာသည် ကျွန်တော်နှင့် တစ်မြို့တည်းသားဖြစ်ပါသည်။ ကျွန်တော့်ထက် ရှစ်နှစ်မျှငယ်ပါသည်။ သူဆယ်တန်းလောက် ရောက်သောအခါ ကျွန်တော်က ပြည်မြို့မှာ မရှိတော့။ တနယ်တကျေးသို့ ရောက်ရှိခဲ့ပြီ။ ထို့ကြောင့် သူနှင့် ကျွန်တော် ဘယ်တုန်းကမျှမသိခဲ့ပါ။

        ဆောင်းပါးပါ အကြောင်းအရာကို အနှစ်ချူပ်ဖော်ပြရလျှင် ဆောင်းပါးခေါင်းစဉ်က ‘ဘက်စုံထူးချွန်သတဲ့လား’ ဟူ၍ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် ဘက်စုံထူးချွန်ဖို့ရာမဖြစ်နိုင် လောကတွင် ဘက်စုံထူးချွန်သူများမရှိ မဟုတ်၊ ရှိပါသည်။ သို့ရာတွင် ပါရမီရှင်များမှသာ ဘက်စုံ ထူးချွန်နိုင်ကြသည်။ တကယ်တော့ ကမ္ဘာကြီးသည် ဘက်စုံကျွမ်းကျင်သူများဖြင့် တည်ဆောက်ထားခြင်း မဟုတ်။ ဘာသာရပ်တစ်ခုကို အထူးကျွမ်းကျင်သူ Specialist များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဘက်စုံထူးချွန်သော ပညာရေးစနစ်ကို ကျင့်သုံးလျှင် ‘Jack of all Trades but master of none’ ဆိုသကဲ့ သို့ ဟိုစပ်စပ် ဒီစပ်စပ် သမားများကိုသာရမည်ဖြစ်သည်။ ဟုရေးသားထားခြင်းဖြစ်သည်။

         ယခုခေတ်သည် ပညာခေတ်ဖြစ်သည်ကို လူတိုင်းလိုလို သိကြသည်။ တကယ်တမ်းတွင်မူ ပညာခေတ်သည် ဟုတ်ပါသေးရဲ့လား။ ပညာဆိုသောအရာကို စာရှု သူ မည်ကဲ့သို့ ရှုမြင်ထားပါသနည်း။ ပညာခေတ်ကို ကမ္ဘာကြီး မည်သို့မည်ပုံရောက်ရှိလာပါသနည်း။ ထိုရောအခါ ကမ္ဘာကြီး, ခေတ်အဆက်ဆက်ကို မည်သို့မည်ပုံ ဖြတ်သန်းလာသည်ကို ရှုမြင်ကြည့်ဖို့ လိုလာပါမည်။ တစ်ခုတော့ ရှိပါသည်။ ပညာနှင့် ပညာသင်ကြားရေးသည် တစ်ဆက်တစ်စပ်တည်းပင် ရှိနေသည်ဆိုသည်ကိုမူ ရှေးဦးမစွက မှတ်သားထားနှင့်စေချင်ပါသည်။


ခေတ်များ

ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ်

        ဤခေတ်တို့သည် သမိုင်းမတင်မှီကာလ၊ လူတို့မယဉ်ကျေးမီကာလ ခေတ်များဖြစ်သည်။ ထိုခေတ်ထိုအခါက လူတို့သုံးစွဲခဲ့ကြသော လက်နက်၊ ကိရိယာ၊ တန်ဆာပလာ၊ အသုံးအဆောင်တို့ကို ပြန်လည်တွေ့ရှိကြရာမှ အဆိုပါခေတ်များကို သတ်မှတ်ထားခြင်းဖြစ်သည်။ အဆိုပါခေတ်များသည် မည်သည့်အချိန်တွင် အစပြုခဲ့ပြီး မည်သည့်အချိန်တွင် အဆုံးသတ်ခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိကြ။ ထို့အပြင် မည်မျှ ကြာရှည်ခဲ့သည်ကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိကြပါ။ အလွန်ကြာရှည်မည့် ခေတ်များဖြစ်ခဲ့ကြမည်ကတော့ သေချာလှပါသည်။


 စိုက်ပျိုးရေးခေတ်

        လူတို့စွတ်ခူးစားသောက်လိုက်သော သစ်သီးမှ သစ်စေ့အပင် ပြန်ပေါက်လာသည်ကို တွေ့ရှိလာကြပြီး နောက် စိုက်ပျိူး၍ စားသောက်ရကောင်းမှန်း သိလာသည်။ အမဲလိုက်ရာမှ အရှင်ဖမ်းမိသော သားကောင်ကို မွေးမြူခိုင်းစေ၊ အသုံးချရကောင်းမှန်းသိလာသည်။ လှည့်လည်သွားလာနေရမှ အခြေချနေထိုင်သောဘဝ များအဖြစ် ကူးပြောင်းရောက်ရှိလာသည်။ ထိုမှ ရွာများ၊ မြို့များပေါ်ပေါက်လာသည်။ လူတို့ယဉ်ကျေးလာကြသည်။ စိုက်ပျိူးရေးခေတ် စတင်ပေါ်ပေါက်လာတော့သည်။


စက်မှုခေတ်

        စက်မှုတော်လှန်ရေးသည် ၁၈ ရာစုအလယ်ပိုင်း အလွန်လောက်တွင် ဉရောပနှင့် အမေရိကန်နိုင်ငံတို့တွင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် စိုက်ပျိူးရေးခေတ်သည် အဆုံးသတ်သွားခဲ့ပြီး စက်မှုခေတ် စတင်ပေါ်ပေါက်လာသည်။ စက်မှုခေတ်သည် ဒုတိယ ကမ္ဘာစစ်အထိ ကြာရှည်ခဲ့သည်။


အီလထရွန်းနစ်ခေတ်

        ဒုတိယကမ္ဘာစစ်ပြီးသောအခါ ရုပ်မြင်သံကြား စက်များပေါ်ပေါက်လာသည်။ အိမ်လောက်ကြီး ကြီးမားသော ကွန်ပျူတာများ စတင်ပေါ်ပေါက်လာသည်။ ထို့နောက်တွင် အဖြူအမည်းရုပ်မြင်သံကြား စနစ်မှ ရောင်စုံ ရုပ်မြင်သံကြားစနစ်ဖြစ်ပေါ်လာသည်။ ကွန်ပျူတာများလည်း ပိုမိုကျစ်လစ်သေးငယ်လာ ကြသည်။ လုပ်ဆောင်ချက်များလည်း ပိုမိုအစွမ်းထက်လာကြသည်။


သတင်းအချက်အလက်နည်းပညာခေတ် သို့မဟုတ် အိုင်တီခေတ်

        1965 ခုနှစ်တွင် အမေရိကန် နိုင်ငံ (ကာကွယ်ရေးဝန်ကြီးဌာန) ပင်တကွန် စစ်ဌာနချုပ်အတွင်း (ဌာနမတူသော) ကွန်ပျူတာအချင်းချင်းမှ ကမ္ဘာ့ ပထမဦးဆုံး e-mail ပေးပို့ စမ်းသပ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ (စစ်ဌာနချူပ်အတွင်း) ကွန်ပျူတာများအားလုံးကို ကွန်ယက်သဖွယ် ချိတ်ဆက်လိုက်သည်။ ၎င်းကို အင်ထရာ နက်ဟုခေါ်ဆိုသည်။ ၎င်းနောက်မကြာမီမှာပင် ယနေ့လူအများနှင့် မကင်းနိုင်တော့သည့် အင်တာနက်ပေါ်ပေါက်လာတော့သည်။ ထိုအချိန်မှစတင်ကာ ကမ္ဘာကြီး သည် ရွာကြီးမျှသာဟူသော အဖြစ်သို့ ရောက်ရှိသွားတော့သည်။ သတင်းအချက်အလက် နည်းပညာခေတ်သို့ ရောက်ရှိသွားတော့သည်။


ပညာခေတ်

        ယနေ့ လူအများသိရှိကြပြီးဖြစ်သော ပညာခေတ်သည် ၂၀ ရာစုကုန်ဆုံးကာနီး နောက်ဆုံးဆယ်စုနှစ် တွင်စတင်ဖြစ်ပေါ်လာခဲ့သည်။ သတင်းအချက်အလက် နည်းပညာခေတ်တွင် ပေါ်ပေါက်လာခဲ့သော ဆက်သွယ်ရေး နည်းပညာကြောင့် နေ့စဉ်နှင့်အမျှ ထိတွေ့နေရ/ လက်ခံရရှိနေသော သတင်းအချက်တို့မှာ ဒုနဲ့ဒေးများပြားလွန်းလှသည်ဖြစ်၍ မည်သည့်ဒေတာတွေက အမှန်၊ မည်သည့်ဒေတာတွေက အသုံးမဝင်စသည်ဖြင့် ဝေဖန်ပိုင်းခြား ၊စိစစ်သရုပ်ခွဲဖို့ရာ ပညာရပ်များလိုအပ်လာသည်။ ထို့အပြင် ဆက်သွယ်ရေးနည်းပညာကြောင့်ပင် နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အသစ်တို့ကလည်း ကဏ္ဉ အသီးသီးတွင် ဆူဝေလျံကျလာနေတော့သည်။ ဤသို့ဖြင့် ပညာခေတ်သို့ ရောက်ရှိလာတော့သည်။


အိုင်ဒီယာခေတ်

        ယနေ့ မျက်မှောက်ခေတ်တွင် လူအများက ယနေ့အချိန်သည် ပညာခေတ်ထဲတွင်ပင်ရှိနေသေးသည်ဟု အထင်ရှိနေဆဲပင်ဖြစ်သည်။ ဧကန်စစ်စစ်မူ ပညာခေတ်သည် လွန်ခဲ့သော ၅ နှစ် ၆ နှစ်လောက်ကတည်းက ကုန်ဆုံးသွားခဲ့ပြီးဖြစ်သည်။ ပညာခေတ်တွင် သူလိုကိုယ်လို ပညာလောက်မျှနှင့် ပွဲမတိုးတော့သော အခြေအနေ ဖြစ်လာသည်။ အိုင်ဒီယာကောင်းထုတ်နိုင်သူ အကောင်ဖြစ်လာသည်။ အိုင်ဒီယာကောင်းထုတ်နိုင်သူက နေရာရလာသည်။ ကုန်ပစ္စည်းချင်းအတူတူ အိုင်ဒီယာပိုကောင်းသော ထုတ်ကုန်ပစ္စည်းများ ပိုမိုရောင်းအားကောင်းလာသည်။ Apple i Phone များကိုနမူနာ အဖြစ် ရှုမြင်ကြည့်နိုင်သည်။


ပညာစီးပွားရေး

        ဒုတိယ ကမ္ဘာစစ်ကြီးသည် ဤကမ္ဘာကြီးကို အပြောင်းအလဲများစွာအား ပေးစွမ်းခဲ့သည်။ စိုက်ပျိုးရေးခေတ်ကို ပထမလှိုင်း၊ စက်မှုခေတ်ကို ဒုတိယလှိုင်း၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်းကို တတိယလှိုင်း ဟူ၍ ပညာရှင်တို့က ပိုင်းခြားသတ်မှတ်ထားကြသည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းသည် ပတ်လမ်းဖြင့် ကုန်ပစ္စည်းထုတ်လုပ်ရာမှ ပညာဖြင့်ကုန်ထုတ်လုပ်ခြင်းသို့ ကူးပြောင်းသွားခဲ့သည်။

        အရင်းရှင်စနစ်၏ ဘောဂဗေဒ ပညာတွင် အရေးကြီးဆုံးသွင်းအားစုကြီး သုံးရပ်ရှိခဲ့သည်။၎င်းတို့မှာ မြေယာ၊လုပ်အားနှင့် အရင်းအနှီး တို့ဖြစ်ကြသည်။ ယ္ခုအခါ ၎င်းသုံးရပ်ထက် ပိုမိုအရေးပါအရာရောက်သော ပညာကိုပါ သွင်းအားစုတစ်ရပ်ဖြစ်ထည့်သွင်းလာရပြီ ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းသည် ပညာစီးပွားရေးဖြစ်လာသည်။


စဉ်ဆက်မပြတ်ပညာသင်ကြားရေး

        ဤအယူအဆကို ကမ္ဘာတွင် ပထမဦးဆုံးစတင်ဖော်ထုတ်ခဲ့သူမှာ မေဂျီခေတ်က ပေါ်ထွက်ခဲ့သော ဂျပန်ပညာရှင် “ယူကီချီ ဖူကူဇဝါ” ဆိုသူဖြစ်သည်။ “ဖူကူဇဝါ” က ပညာတတ်ဆိုသည်မှာ ဆက်လက်ပညာသင်ကြားလိုသော ဆန္ဒရှိပြီး ပညာသင်ကြားနိုင်စွမ်းလည်းရှိသော သူမျိုးသာဖြစ်သည် ဟုဆိုခဲ့သည်။

         ဒုတိယပညာရှင်မှာ “ပီတာ ဒရပ်ကာ”ဖြစ်သည်။ သူကပညာတတ်ဆိုတာ သူတတ်သိနားလည်ထားတဲ့ ပညာရပ်တစ်ခုတည်းနဲ့ ရပ်တန့်နေသူမျိုး မဖြစ်ရဘူး၊ တစ်လောကလုံးနဲ့ ဆိုင်တဲ့ပညာနဲ့ ဆက်စပ်နိုင်ရမည်ဟု ဆိုခဲ့ပါသည်။

        ဤနေရာတွင်(ဆရာ)ကျော်ဝင်းရေးသားခဲ့သည့် “အိုင်တီခေတ်၊ ပညာခေတ်၊ အိုင်ဒီယာခေတ်နှင့် ပညာကို ဋီကာဖွဲ့ခြင်း” စာအုပ်ထဲမှ စာမျက်နှာ ၈၇၏ ဒုတိယအပိုဒ် တစ်ပိုဒ်လုံးကို သည်အတိုင်းပင် ပြန်ရေးထည့်ပြချင်ပါသည်။ “ဤခေတ်သည်အပြောင်းအလဲ များမြန်သည့်ခေတ်ကြီးလည်းဖြစ်ပါသည်။ ယခင်ကလို ပညာတစ်ရပ်ဖြင့် တစ်သက်တာ ပညာရှိဖြစ်နိုင်ချေ မရှိတော့ပါ။ ဘွဲ့လက်မှတ်တစ်ခုသည် တစ်သက်တာ ထမင်းစားလက်မှတ် မဟုတ်တော့ပါ။ ဤနောက်ခံကားတွင် အဆင့်မြင့် ပညာသင်ကြားရေးနယ်ပယ်သည် အပြန့်ကျယ်လာပါသည်။ တက္ကသိုလ်များအနေနှင့် ဘွဲ့ရများ၊ ဘွဲ့လွန်များ မွေးထုတ်ပေးရုံနှင့် တာဝန်မကျေ။ စဉ်ဆက်မပြတ် ပညာသင်ကြားရေး (Continual learning) အတွက်လမ်းဖွင့်ပေးနိုင်ရမည်။ “ပြန်လည်လေ့ကျင့်သင်ကြားပေးရေး (retraining) မှာ အရေးတကြီး တာဝန်သစ် ဖြစ်လာသည်။


ပညာအလုပ်သမားဆိုသည်မှာ

        ကျွန်တော်တို့နိုင်ငံတွင် တစ်ချိန်က ဆိုရှယ်လစ် စီးပွားရေးစနစ်ကျင့်သုံးခဲ့ဖူးသည်။ ထိုစဉ်အချိန်အခါက ကာယလုပ်သား(Physical Worker)၊ ဉာဏလုပ်သား (Mental Worker) စသည့် အခေါ်အဝေါ်များကို ကျွန်တော်တို့ယဉ်ပါးခဲ့ကြသည်။ ယခုမူ ပညာအလုပ်သမား လူတန်းစားတစ်ရပ် ပေါ်ထွန်းလာသည်။ သူတို့ကို (Knowledge Worker) များဟုခေါ်ကြသည်။

        ပညာအလုပ်သမား၏ အခန်းကဏ္ဍမှာ ကာယအလုပ်သမား၊ ဉာဏအလုပ်သမားတို့နှင့် လားလားမျှမဆိုင်တော့ပါ။ စီးပွားရေးကို ပညာကမောင်းနှင်လာသည်နှင့်အမျှ ပညာအလုပ်သမား လိုအပ်ချက်ကလည်း မြင့်တက်လာသည်။ လုပ်ခလစာ၊ ပင်စင်လစာ၊ လုပ်ငန်းခွင်အခြေအနေ စသည့် ဘဝလိုအပ်ချက် အခြေနေများကို အမြင့်ဆုံးမှာပေးပြီး ပညာအလုပ်သမားကို ငှားရမ်းကြရသည်။ ပညာအလုပ်သမားဟုဆိုသူကလည်း တတ်ယောင်ကားမဟုတ်၊ ပညာတစ်ရပ်ကို ထူးချွန်ပြောင်မြောက်စွာ တတ်မြောက်ကျွမ်းကျင်သူဖြစ်သည်။ Specialist များဖြစ်ကြပါသည်။

        သည်နေရာတွင်(ဆရာ)ကျော်ဝင်း၏ အထက်ကဖော်ပြခဲ့ပါ စာအုပ်၏ စာမျက်နှာ ၇၄ နောက်ဆုံးအပိုဒ်ကို တိုက်ရိုက်ပင်ကူးယူဖော်ပြချင်ပါသည်။ “ဤတွင် ပညာအလုပ်သမားအတွက် ရွေးချယ်စရာ “ခွင်”မှာ ကျယ်သထက်ကျယ်လာပါသည်။ သူတို့ကို ဘာနဲ့မှ တုပ်နှောင်လို့မရ။ လုပ်ငန်းခွင်တစ်ခုမှ တစ်ခုသို့ အချိန်မရွေး ပြောင်းရွေ့လုပ်ကိုင်လို့ရသည်။ အသက် ၅၀ တစ်ဝိုက်တွင် ပထမလုပ်ငန်းမှ ပင်စင်ယူပြီး၊ ဒုတိယ လုပ်ငန်းခွင်တွင် ဆက်လက်လုပ်လည်းရသေးသည်။ “စဉ်ဆက်မပြတ် ပညာသင်ကြားရေး” နှင့် ပြန်လည်လေ့ကျင့်သင်ကြားခြင်းတို့နှင့်သာ မိမိပညာကို သနေနိုင်လျှင် အလုပ်အင်အားစုအတွင်း လွတ်လပ်စွာလှုပ်ရှားနေနိုင်သည်။ ဘဝတစ်လျှောက်လုံး အလုပ်အကိုင်တစ်ခုတည်းတွင် ကျောက်ချလုပ်ကိုင်နေဖို့ မဟုတ်တော့။ အနည်းဆုံးအလုပ်နှစ်မျိုးလုပ်လာကြသည်။ အချို့ဆိုလျှင် တတိယ အလုပ်၊ စတုတ္ထ အလုပ်များပင်ရှိလာသည် ဟုဆိုပါသည်။”ဟု ရေးသားထားသည်ကို ဖတ်ရှုကြည့်လျှင် ပညာအလုပ်သမားသည် တစ်ချိန်တည်းတစ်ပြိုင်တည်းတွင် ပညာရပ်နှစ်ခု၊ သုံးခုကို ထူးချွန်စွာ တတ်မြောက်အောင် ဆောင်ကျဉ်းနေကြောင်းတွေ့ရမှာဖြစ်သည်။ ဤသို့သော ပညာအလုပ်သမားများမှာ ထူးချွန်သောပါရမီရှင်များသာ ဖြစ်ကြပြီး အရေအတွက် အနည်းငယ်မျှသာရှိပါလိမ့်မည်ဟု ဆိုပါလျှင်လည်း တက်တက်စင်အောင်လွဲ ချော်သွားမှာဖြစ်ပါသည်။


သူတို့ဆီကလူနေမှုဘဝနှင့် လုပ်ငန်းခွင်အခြေအနေများ

         ဤအကြောင်းကို ပြောလိုလျှင် (အရင်းရှင်)စီးပွားရေး စနစ်၏ သံသရာစက်ဝန်းအကြောင်း အရင်ပြောမှရပါမည်။ သံသရာစက်ဝန်းတွင် အဆင့်(၄)ဆင့် ပါဝင်သည်။ (၁)စီးပွားရေးစန်းပွင့်ချိန်၊ (၂)စီးပွားရေးနာဖျားချိန်၊ (၃)စီးပွားရေးအကြပ်အတည်းပေါ်ချိန်၊ (၄)စီးပွားရေး (အလုံးစုံ)ပျက်သုန်းချိန် တို့ဖြစ်သည်။ ၎င်းအဆင့်များသည် အဆင့်လိုက် မဖြစ်မနေ သွားတတ်သည်ဟုတော့ မဆိုလိုပါ။ အဆင့်(၁)မှ အဆင့်(၂) ပြီးနောက် အဆင့်(၁)သို့ပြန်ရောက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုသို့ ရောက်ပြန်သောအခါ အဆင့်(၁)မှ အဆင့်(၂)။ ပြီးနောက် အဆင့်(၁) ပြန်ရောက်။ တစ်ခါတစ်ရံတွင် အဆင့်(၁)မှ အဆင့်(၂) ၎င်းမှ အဆင့်(၃) အထိရောက်တတ်ပါသည်။ ကာလတာရှည်အချိန်တစ်ခုတွင် အဆင့်(၄)အထိသို့လည်း ရောက်သွားတတ်ပါသည်။ အဆင့်(၁)တွင်စီးပွားရေး အားကောင်းနေချိန်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများလွန်စွာ ပေါများကြပါသည်။ အလုပ်လက်မဲ့ ဦးရေ လွန်စွာ နည်းပါးသွားတတ်ပါသည်။ အဆင့်(၂) သို့ရောက်သောအခါ တစ်ချို့အလုပ်ပြုတ်ကုန်ကြပါတော့သည်။ အဆင့်(၃)သို့ ရောက်သောအခါ လုပ်ငန်းခွင်အတွင်း မရှိမဖြစ် (သူမရှိလျှင် လုပ်ငန်းဆက်လက် လည်ပတ်လို့မရတော့ဟုဆိုသူ)များ မှအပ ကျန်သူများအလုပ်ပြုတ်ကုန်ကြပြန် ပါတော့သည်။ ထိုအခါ အလုပ်ပြုတ်သွားသူများမှ နောက်တစ်ကြိမ် အလုပ်ပြန်ရပြီးနောက် ရုံခါသည့် အထဲတွင် ပြန်ပါမသွားရလေအောင် အလုပ်ပြုတ်သွားချိန်များတွင် အတတ်/ ပညာသင်ကျောင်းများတွင် ကျောင်းပြန်တက်ကြပါတော့သည်။ အဆင့်မြင့်ပညာများ ဆက်လက်သင်ယူ ကြပါသည်။ ထို့ကြောင့် သူတို့ဆီတွင် စီးပွားရေးနာဖျားချိန် (Recession ဝင်ချိန်) စီးပွားရေးအကြပ်အတည်းပေါ်ချိန် ( Crisis ဖြစ်ပွားနေချိန်) များတွင် အတတ်/ပညာသင်ကျောင်းများ၏ Share ဈေးနှုန်းများ မြင့်တက် တတ်သည်မှာ ထုံးစံလို ဖြစ်နေခဲ့ပါသည်။

         ဤသည်ကို ကြည့်ခြင်းအားဖြင့် လုပ်ခလစာ ဘဝအခြေအနေများ မြင့်မားနေသည့် ပညာအလုပ်သမားများဖြစ်ကြဖို့ (တစ်ယောက်တစ်လေမဟုတ်) ထုနှင့် ထည်နှင့် အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြသည်ကို မြင်တွေ့ရမှာဖြစ်ပါသည်။

        ဤဆောင်းပါးသည် ဦးသိန်းစိန်အစိုးရ ကျင့်သုံးသောပညာရေးပေါ်လစီကို ဝေဖန်သဖြင့် ကာကွယ်ရန်အလို့ငှာ ရေးသားထားသော ဆောင်းပါးတော့မဟုတ်ပါ။ ကမ္ဘာကြီး၏ မျက်မှောက်အခြေနေက ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာမှု၏ အကျိုးကျေးဇူးကြောင့် ပညာရပ်အသစ်အသစ်တို့သည် စဉ်ဆက်မပြတ်ပေါက်ဖွားလာနေကြသည်။ ထို့ကြောင့် စဉ်ဆက်မပြတ်ပညာသင်ကြားရေးသည်လည်း မဖြစ်မနေလိုအပ်လာပါသည်။ ပညာနောက်ကို တောက်လျှောက်လိုက်ကြရသည်။ (မလိုက်နိုင်လျှင် ကျန်ခဲ့မှာဖြစ်သည်။) ထိုအခါပညာတွေ တစ်ခုပြီးတစ်ခု ထူးချွန်စွာတတ်မြောက်လာကြသည်။ ဤသည်ကို ဦးသိန်းစိန်အစိုးရက ဘက်စုံထူးချွန်သော ပညာရေးအဖြစ် အမည်တပ်၍ အကောင်ထည်ဖော်ခြင်းဖြစ်သည်။

         ဝေဖန်ခဲ့သော စာရေးဆရာ၏ ပညာတစ်ရပ်အပေါ်မှာသာ Specialist အဖြစ်၊ ဖြစ်တည်ရမည်ဆိုသော သဘော၏အယူမှာ ဒုတိယလိုင်း(စက်မှုခေတ်)ထဲက အကောက်အယူသာဖြစ်ပါသည်။ သူပြောသလို ပညာအလုပ်သမားများမှာ ဉာဏ်ကြီးရှင်၊ ပါရမီရှင်များလည်း မဟုတ်ကြပါ။ ခေတ်၏လိုအပ်ချက်အရ သာမန်ဉာဏ်ရည်ရှိသူများက ကြိုးစားအားထုတ်ကြရင်းဖြင့် အောင်မြင်မှုများ ရလာခြင်းဖြစ်ပါသည်။ ပညာအလုပ်သမားများသည်(ဝေဖန်စာရေးဆရာ ပြောသလို) ဟိုစပ်စပ်၊ ဒီစပ်စပ်သမားများမဟုတ်ဘဲ ပညာရပ်များအပေါ်တွင် ဘက်စုံထူးချွန်ကြသူများ ဖြစ်ပါသည်။ သူ ကမ္ဘာ့ကြည့် မကြည့်ခဲ့မိခြင်းသာ ဖြစ်တန်ရာပါသည်။


နိဂုံး

        အထက်တွင် ကျွန်တော်သည် ခေတ်များအကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ရှေးလွန်လေပြီးသော ကာလခေတ်များသည် လွန်စွာကြာညောင်းခဲ့သလောက် ယနေ့မျက်မှောက်ပြုနေရသော ခေတ်တို့သည် မည်မျှမြန်ဆန်စွာ ဖြစ်တည်လာပြီး မည်မျှမြန်ဆန်စွာပင် ပြီးဆုံးပျောက်ကွယ်သွားကြသည်ကို စာရှု သူလည်း သိပြီးဖြစ်ပါမည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံကို အစိုးရအဆက်ဆက်များ အုပ်ချူပ်ခဲ့ပြီး ဖြစ်သည်။ အကောင်းအဆိုးအားလုံး သိရှိပြီးကြပါပြီ။ သို့ရာတွင်ပြီးခဲ့တဲ့ အစိုးရများသည် မည်သည့် ခေတ်တွေထဲတွင် ရှိနေခဲ့သနည်း။ ယခုမျက်မှောက်အခြေအနေတွင် ကျွန်တော်တို့သည် မည်သို့သော အခြေအနေမျိုးများနှင့် ကြုံတွေ့နေရပါသနည်း။ အိုင်ဒီယာခေတ်ကိုလည်း ဉာဏ်ရည်တူနည်းပညာ AI ၊ ဇီဝ နည်းပညာ၊ နာနိုနည်းပညာတို့က စိန်ခေါ်နေချေပါပြီ။ ကျွန်တော်တို့ မြန်မြန် အမှီလိုက်ပါမှ ဖြစ်ပါတော့မည်။ ယခုမြန်မာ နိုင်ငံ၏ လက်ရှိအခြေအနေသည် မည်သည့်ခေတ်ထဲတွင် ကျန်နေခဲ့သည်ဟု မိတ်ဆွေထင်ပါသနည်း။ ဖြေကြည့်စေချင်ပါသည်။

မေတ္တာဖြင့်…

                ဦးခိုင်ဇင်ဝင်း

                ၂၅.၈.၂၀၂၀ ရက်နေ့ (အင်္ဂါနေ့) 

(စာကိုး - (ဆရာ)ကျော်ဝင်း၏ “အိုင်တီခေတ်၊ ပညာခေတ်၊ အိုင်ဒီယာခေတ်နှင့် ပညာကို ဋီကာဖွဲ့ခြင်း” စာအုပ်ထဲမှ အချက်အလက်အချို့ကို ကိုးကားပါသည်။)

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency